ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဂျာအို ပါလင်ညာက အသင်းမှာ အနာဂတ်မရေရာတော့တဲ့ ကွင်းလယ်ခံစစ်ကစားသမားကြီး ကက်စီမဲရိုးနေရာမှာ အစာထိုးဖို့အတွက် အသင့်တော်ဆုံး ကစားသမားပဲလို့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပေါလ်အင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အသက်(၃၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူကြီး ကက်စီမဲရိုးဟာ ပြီးခဲ့တဲ့ ရာသီ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ပါ ရုန်းကန်ခဲ့ရပြီး အသင်းဘက်က အခုနွေစျေးကွက်မှာပဲ ရောင်းချသွားဖို့အထိပါ ပြင်ဆင်နေသလို ကက်စီမဲရိုးကိုလည်း ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားချင်နေပါတယ်။
ယူနိုက်တက်ကတော့ ကက်စီမဲရိုးနေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဘင်ဖီကာ ဆယ်ကျော်သက် ကွင်းလယ်လူ ဂျာအို နေးဗက်စ်ကို ခေါ်ယူသွားချင်နေပေမယ့် ဘင်ဖီကာဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)+ အပိုဆုကြေးနဲ့ ကမ်းလှမ်းလာမှသာ ရောင်းထုတ်သွားဖို့ အစီအစဉ်ရှိနေတာကြောင့် ဒါက အသုံးစရိတ် သိပ်မရထားတဲ့ ယူနိုက်တက်အတွေက် အခက်တွေ့ရဖွယ်ရှိနေပါတယ်။
ဒီလိုအခြေနေမှာ ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်အင့်က သူ့အသင်းဟောင်း အနေနဲ့ ကက်စီမဲရိုးနေရာအတွက် ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူသင့်ကြောင်း အကြုံပြုလာခဲ့ပါတယ်။ ပါလင်ညာက လက်ရှိမှာ ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လျက် ရှိနေပြီး ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖို့ကိုလည်း ခေါင်းညိတ်ထားသူလည်းဖြစ်ပါတယ်။
‘‘ဂျာအို ပါလင်ညာက ကက်စီမဲရိုးနေရာကို အစားထိုး ဝင်ရောက်နိုင်မယ်ဆိုတာ လုံး၀သံသယဝင်စရာ မရှိပါဘူး။ ပြီးခဲ့တဲ့ နွေတုန်းက ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့မယ့် သူ့ရဲ့အပြောင်းအရွှေ့က ပျက်သွားခဲ့ပေမယ့်လည်း အခု ဖူလ်ဟမ်က သူ့ကို ဘိုင်ယန်ဆီပြန်လည်ရောင်းချမယ့် ကိစ္စအတွက် ပြင်ဆင်နေပြီဆိုတာ ကျွန်တော်တို့ သိထားပါတယ်။
‘‘ဒါပေမယ့် သူ့ကစားပုံကို သေချာကြည့်လိုက်မယ်ဆိုရင် သူက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သင့်တော်တဲ့ ကစားသမားတစ်ဦးဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ခံစစ်ကစားဟန်တွေ ဘောလုံးပေးပို့မှုတွေ ဘောလုံးဖြတ်ထုတ်မှုတွေ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေက ယူနိုက်တက်အတွက် အဆင်ပြေနိုင်တယ်။ ဒါကြောင့် ဘိုင်ယန်ဆီကနေ ကြားဖြတ်လုဖို့ ကြိုးပမ်းသင့်တယ်လို့ထင်မိပါတယ်။‘‘ လို့ ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။
#MYSPORT မှကူးယူဖော်ပြသည်။