ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူတို့ ပေါ်တူဂီအသင်းဟာ အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိုက်တန်မှုရှိတယ်လို့ ဂျာနယ်လစ်များနဲ့ အင်တာဗျူးလုပ်ဆောင်ရာမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ဖူးပြီးနောက် ပေါ်တူဂီအသင်းဟာ သမိုင်းတလျှောက် ပထမဆုံးသော ယူရိုအောင်မြင်မှု ဖြစ်ခဲ့ရသလို ရော်နယ်လ်ဒိုအတွက် လက်ရွေးစင် ကစားသမားဘ၀ရဲ့ ပထမဆုံးသော အောင်မြင်မှုကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပုံရပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို-၂၀၁၆ မှာ ဖလားရယူခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာလည်း ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့သေးသလို အခု ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်လာခဲ့ပြန်ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၄ မှာ တူရကီ ချက် ဂျော်ဂျီယာ အသင်းတွေနဲ့ အတူ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး အုပ်စုဗိုလ်နေရာနဲ့ပါ နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေတဲ့အပြင် တောင့်တင်းလွန်းလှတဲ့ ကစားသမား အစုအဖွဲ့ကြီးပါ ပိုင်ဆိုင်ထားတဲ့အတွက် ဒုတိယအကြိမ် ယူရိုဖလားကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရေပန်းစားနေတာဖြစ်ပါတယ်။
’’ဒီကစားသမားမျိုးဆက်ရဲ့ အင်အားနဲ့ ဒီပြိုင်ပွဲကြီးမှာ အောင်မြင်မှု ရရှိဖို့ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆီမီးဖိုင်နယ်လား။ ကျွန်တော်တို့အနေနဲ့ ဒီအဆင့်ထက် ပိုပြီးတက်လှမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တွေ တဆင့်ပြီးတစ်ဆင့် သွားရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးကြိုးစားစားကစားသွားရမယ်။’’
’’ယူရိုပြိုင်ပွဲဆိုတာ တိုတောင်းလှတဲ့ ကာလတိုပြိုင်ပွဲတစ်ခုဆိုတာ ကျွန်တော်တို့ သိထားပေမယ့် ကျွန်တော်တို့ကလည်း အဆင်သင့်ဖြစ်နေပါပြီ။’’ လို့အသက် (၃၉)နှစ်အရွယ် GOAT ကြီး ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ အခု ယူရို-၂၀၂၄ ပြိုင်ပွဲကို သူရဲ့ (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် ဝင်ရောက်ဆင်နွဲရမှာဖြစ်ပြီး ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကားသမားအဖြစ်ပါ ရပ်တည်လျက်ရှိနေပါတယ်။