မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်းနီက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ဟာ ချန်ပီယံ ဖြစ်လာဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်နေပေမယ့်လည်း အင်္ဂလန်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရတဲ့ အပိုင်းလည်းရှိနေသေးတယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ လုံး၀ ဗိုလ်စွဲခြင်းမရှိတော့ပဲ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ယူရို-၂၀၂၀ မှာ ဖိုင်နယ်အထိ တက်လှမ်းခဲ့ပြီး ဒုတိယနေရာသာ ရယူနိုင်ခဲ့ပါတယ်။ အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး စာရင်းမှာ ထိပ်ဆုံးနေရာကနေပါဝင်လာခဲ့ပြန်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ မှာ ဒိန်းမတ် ၊ ဆားဘီးယား ၊ ဆလိုဗေးနီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး ဒီအုပ်စုမှာ အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့လည်း ရေပန်းစားလို့နေပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်း ၊ ဘယ်လင်ဟမ် ၊ ဖိုဒန် ၊ ဒက်ကလန်ရိုက်စ် ၊ ပါလ်မာ အာနိုးတို့လို ကစားသမားအစုအဖွဲ့တွေနဲ့ အင်္ဂလန်က ယူရို-၂၀၂၄ မှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ အများက သုံးသပ်နေကြပါတယ်။
အင်္ဂလန်ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားဟောင်း ရွန်နီက ‘‘ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ထင်မိတဲ့ အသင်း(၃)သင်းကတော့ ပေါ်တူဂီ ၊ ပြင်သစ်နဲ့ အင်္ဂလန်ပါပဲ။ ဒါဟာ ဂါရတ် ဆောက်ဂိတ်နဲ့သူရဲ့ စီနီယာ ကစားသမားတေတွအတွက် ကြီးမားတဲ့ ပြိုင်ပွဲဖြစ်ပြီးတော့ ဂါရတ်က ဒီအချိန်ဟာ ဖလားရယူရမယ့် အချိန်ဆိုတာကိုပြောရပါတော့မယ်။ ဒါပေမယ့် ပြိုင်ပွဲအတွေ့အကြုံနဲ့ပတ်သက်ပြီး ကျွန်တော်စိုးရိမ်နေမိပါတယ်။ အခုအသင်းက ယူရို-၂၀၂၀တုန်းက ဖလားရဖို့ နီးစပ်ခဲ့တဲ့ အသင်းလောက်ကောင်းမနေပါဘူး။ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေ အများကြီးပါနေတယ် ဆိုပေမယ့်လည်း မျက်နှာသစ် ကစားသမားတွေနဲ့ စီနီယာ ကစားသမားတွေရဲ့ အရောအနှောက ဟန်ချက်ညီမနေပါဘူး။ ဒါက ဂါရတ်ရဲ့ အမှားတော့ မဟုတ်ပါဘူး။ ဒဏ်ရာတွေနဲ့ ပုံမှန်ခြေစွမ်းတွေ မရှိတာကနေ မက်ဂွိုင်းယား ၊ စတားလင်း နဲ့ ရပ်ဖို့ဒ် တို့လို အရေးပါတဲ့ ကစားသမားတွေကို ဖယ်ထုတ်ခဲ့၇ပြီး ရွေးချယ်လို့ ရနိုင်တဲ့ ကစားသမားတွေကိုပဲ ရွေးခဲ့ရတယ်။ ကျွန်တော်ကတော့ ဟန်ဒါဆန်ကို မရွေးချယ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်လိုပြီး သူ့လို ဝါရင့်ကစားသမားကြီးတစ်ယောက်ရှိနေတာက လူငယ်ကစားသမားတွေအတွက်လည်း အကျိုးရှီစေတယ်။’’ လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
#MYSPORT မှကူးယူဖော်ပြသည်။